ခြေစွမ်းပြနေတဲ့ နာပိုလီကြယ်ပွင့်နှစ်ဦးအတွက်

နာပိုလီဟာ လက်ရှိရာသီကို မယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ပြသနေပြီး နည်းပြလူစီယာနိုစပယ်လက်တီနဲ့အတူ ၃၃ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ စီးရီးအေချန်ပီယံဆုကိုလည်း ရယူနိုင်ဖို့ နီးစပ်လျက်ရှိပါတယ်။ 

ဒီရာသီ လိဂ်ပွဲစဉ် ၂၆ ပွဲမှာ ၂၂ ပွဲနိုင်ပြီး ဒုတိယနေရာက အင်တာမီလန်ကို ၁၈ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုလည်း အီတလီပြည်တွင်း ပြိုင်ဘက်အေစီမီလန်နဲ့အတူ တက်ရောက်ထားပြီး ဖြစ်ပါတယ်။

ဒီရာသီ အောင်မြင်မှုတွေနဲ့အတူ နာပိုလီကြယ်ပွင့်တွေဟာလည်း ဥရောပထိပ်သီးအသင်းတွေရဲ့ အာရုံစိုက်မှုကို ရရှိလာကြပါတယ်။ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်ဟာ အိုဆီမန်နဲ့ ဂင်မင်ဂျယ်ကို နာပိုလီဆီကနေ တစ်ပြိုင်တည်း ခေါ်ယူချင်နေပြီး ပေါင် ၁၄၃ သန်းထိ သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။ 

ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းအတွက် ဝက်ဂ်ဟော့စ်တစ်ဦးတည်းကိုသာ အငှားနဲ့ခေါ်ယူ အင်အားဖြည့်ထားခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန်သားဟာ နည်းပြတန်ဟတ် လက်အောက်မှာ ၁၇ ပွဲထိ ကစားခွင့် ရခဲ့ပေမယ့်လည်း သွင်းဂိုးကတော့ ၂ ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အငှားစာချုပ် ကုန်ဆုံးတာနဲ့ မိခင်ကလပ် ဘန်လေကိုပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

အန်တိုနီမာရှယ်ရဲ့ အနာဂတ်ကလည်း မရေရာတော့တာကြောင့် ယူနိုက်တက်က နွေရာသီအပြောင်းအရွှေ့မှာ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ကြိုးစားလျက်ရှိပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ သတင်းတွေထွက်နေပေမယ့် အိုဆီမန်ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးပစ်မှတ်တွေထဲက ထိပ်တန်းပစ်မှတ်တစ်ခု ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားသားဟာ ဒီရာသီလိဂ် ၂၂ ပွဲမှာ ၁၉ ဂိုးထိ သွင်းပြီးစီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ အိုဆီမန်ဟာ ၂၀၂၅ ဇွန်လထိ စာချုပ်သက်တမ်းရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ အနည်းဆုံးပေါင်သန်း ၁၀၀ ခန့် ပေးချေရဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ခံစစ်ပိုင်းကိုလည်း အင်အားဖြည့်ဖို့စီစဉ်ထားပြီး နာပိုလီမှာ ကင်မင်ဂျယ်ကစားတဲ့ ပွဲတွေကို ကင်းထောက်ခဲ့ရာမှာတော့ မှတ်ချက်ကောင်းတွေချည့်ပဲ ရရှိခဲ့တယ်လို့သိရပါတယ်။ တောင်ကိုရီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဖီနာဘာချီကနေ ရောက်လာတာဖြစ်ပြီး ဒီရာသီ နာပိုလီရဲ့ လိဂ်ပွဲစဉ် ၂၆ ပွဲမှာ ၂၅ ပွဲထိ ပွဲထွက်ကစားခွင့်ရရှိထားသလို သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ရရှိထားပါတယ်။ ကင်မင်ဂျယ်ကလည်း ၂၀၂၅ ထိ စာချုပ်သက်တမ်းရှိနေသလို နောက်ထပ် ၂ နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေပေမယ့် ဇူလိုင်လမှာအသက်ဝင်မယ့် ပေါင် ၄၃ သန်းနဲ့ စာချုပ်ဖျက်သိမ်းကြေးလည်း ပါဝင်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*